Monday, 6 January 2025

ငွေကြေးဆုံးရှုံးခဲ့ရသော အသုံးပြုသူ (၃၁)ဦး၏ ငွေကြေးများကို စိုက်ထုတ်ပေးရန် ဆောင်ရွက်နေကြောင်း KBZPay ဆို

ငွေကြေးဆုံးရှုံးခဲ့ရသော အသုံးပြုသူ(၃၁)ဦး၏ ငွေကြေးများဆုံးရှုံးမှု မရှိစေရေးအတွက် စိုက်ထုတ်ပေးမှုများဆောင်ရွက်ပေးနေကြောင်း KBZPay က ယနေ့ (ဇန်နဝါရီလ ၃ ရက်) နံနက်ပိုင်းက ထုတ်ပြန်ထားသည်။


လတ်တလောဖြစ်ပွားနေသော KBZPay ၏ ကိစ္စများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဗဟိုဘဏ်၏ထုတ်ပြန်ချက်အတွင်း ဘဏ်နှင့်မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်ရသော မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူများ (Mobile Network Operator) မှတစ်ဆင့် ၎င်းတို့၏တစ်ဆင့်ခံဝန်ဆောင်မှုပေးသူများ၏စနစ်ကို နည်းပညာဖြင့် ဖောက်ထွင်းယူခြင်းများဆောင်ရွက်ပြီး သုံးစွဲသူများ၏ မိုဘိုင်းငွေကြေးများကို ဖောက်ထွင်းရယူ၍လိမ်လည်ခြင်းများ ဆောင်ရွက်လာကြသည်ကို တွေ့ရှိရသည်ဟု ဖော်ပြထားကြောင်း KBZPay ၏စာတွင် ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါလိမ်လည်မှုဖြစ်စဉ်များကို KBZPay က ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာ ဖုန်းဟန်းဆက်ပြောင်းလဲသည့်လုပ်ငန်းစဉ်ကိုသာ သက်ရောက်မှုရှိပြီး အဆိုပါဖြစ်စဉ် (၃၁)ခုကို တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယခုအချိန်တွင် System Maintenance ပြုလုပ်နေသောကြောင့် အချို့ Operator များ၏ ဖုန်းဟန်းဆက်ပြောင်းလဲမှုများကို ခေတ္တရပ်တန့်ထားပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် ဖုန်းဟန်းဆက်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို ပြန်လည် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း၌ ငွေကြေးဆုံးရှုံးခဲ့ရသော အသုံးပြုသူ (၃၁) ဦး၏ ငွေကြေးများ ဆုံးရှုံးမှုမရှိစေရေးအတွက် KBZPay မှ ကြိုတင်အစားထိုးစိုက်ထုတ်ပေးမှုများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်မှစတင်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။

Thursday, 2 January 2025

ကိုးကန့် MNDAA ဘက်မှ ပူးပေါင်းတိုက်ခိုက်ခဲ့သော PDF နှင့် အခြားလက်နက်ကိုင်များ လောက်ကိုင်မြို့၌ အိမ်ရာမဲ့များကဲ့သို့ ရှင်သန်နေရ

 ရှမ်းမြောက်ဒေသတွင် MNDAA ဘက်မှ ပူးပေါင်းတိုက်ခိုက်ခဲ့သော PDF နှင့်အခြားလက်နက်ကိုင်များသည် လောက်ကိုင် မြို့၌ အိမ်ခြေရာမဲ့များကဲ့သို့ ရှင်သန်နေရကြောင်း မြို့ခံများထံမှ သိရသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်း လက်နက်ကိုင်အဖွဲ့ TNLA ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့်အတူ PDF ၊ KNDA လက်နက်ကိုင်အဖွဲ့များသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖော်ဆောင်သည့် တိုက်ပွဲများ၌ ပူးပေါင်းပါဝင်မှုများ ရှိခဲ့သည်။
လက်ရှိတွင် KNDF အပါအဝင် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သော လက်နက်ကိုင်အဖွဲ့ဝင်များသည် ထိခိုက်ဒဏ်ရာများနှင့် အတူ လောက်ကိုင်မြို့၌ သောင်တင်နေလျက်ရှိပြီး အိမ်ခြေရာမဲ့များကဲ့သို့ နေထိုင်ရပ်တည်နေရလျက်ရှိကြောင်း မြို့ခံများက NP News ကို ပြောသည်။
“KNDF ကလို့တော့ ပြောတယ်။ သူများကို တိုက်ကူပြီးတော့ အခု ဒုက္ခတွေရောက်နေတာလေ။ ထမင်းစားဖို့တောင် ခက်ခဲနေတာ။ ဟိုနေရာမှာ ကပ်စားလိုက်၊ ဒီနေရာမှာ ကပ်စားလိုက်ဖြစ်နေတာ။ နေစရာလည်း မရှိဘူးဖြစ်နေကြတာ။ သူတို့ တိုက်ခိုက်ကူခဲ့တဲ့ MNDAA ကလည်း ဘာနေရာမှ မပေး တဲ့သဘောဖြစ်နေတာ။ အရင်တုန်းကတော့ ဟိုတယ် တွေမှာ လာတည်းတာရှိတယ်။ အခုတော့ မတည်းနိုင်ကြတော့ဘူးလေ။ သူတို့က တပ်ရင်းလိုက် လာပြီး တော့ကူတိုက် ပေးတာ။ ကျသွားတာလည်း တော်တော်များတယ်ပြောတယ်။ တပ်ရင်းလုံးကိုမှ (၉)ယောက် လောက်ပဲ ကျန်တော့တာ လို့ပြောတယ်။ ပြီးတော့ ဒဏ်ရာရလို့ လာကုတော့လည်း MNDAA က နေထိုင်ခွင့်ကတ်ရှိလား၊ ဘာညာနဲ့တောင် ဖမ်းသေး တယ်။ သူတို့မှာ နေစရာတောင် မရှိတော့ဘူး။ စားစရာလည်း မရှိဘူး။ အဲဒါကြောင့် ဟိုပြေးကပ်လိုက်၊ ဒီပြေးကပ်လိုက် ဖြစ်နေတာ။ MNDAA က သူတို့ ကြွက်တွင်းကို ပေးမခိုတဲ့အပြင် အဖီတောင် ဆွဲမချပေးဘူး။ အဲဒီလိုဖြစ်နေတာ” ဟု လောက်ကိုင်မြို့ခံက ပြောသည်။


ထို့ပြင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA သည် ၎င်းတို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ပေးခဲ့သော မဟာမိတ်လက်နက် ကိုင်အဖွဲ့ဝင်များကို လောက်ကိုင်မြို့၌ နေထိုင်ခွင့်ကဒ်မရှိပါက ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းများကိုလည်း ပြုလုပ်နေ လျက်ရှိကြောင်း မြို့ခံများက ဆိုသည်။ အလားတူ NUG ၏ PDF အဖွဲ့ဝင်များကိုလည်း MNDAA အဖွဲ့က လောက်ကိုင်မြို့တွင် တစ်ယောက်မကျန် နှင်ထုတ်နေလျက်ရှိကြောင်း မြို့ခံများက ဆက်လက်ပြောသည်။
“သူတို့လာတိုက်ပေးလို့ ဒဏ်ရာရလို့ ဆေးကုတာ။ ဆေးကုပြီးတော့ လောက်ကိုင်မှာလည်း နေထိုင်လို့မရဘူး။ နေထိုင် ခွင့် မရှိဘူးဆိုပြီး အချုပ်ထဲကို ဖမ်းပြီးတော့ထည့်တယ်။ အဲဒီလိုပြောတာပဲ။ အခု သူတို့က ထိုင်းဘက်ကို သွားချင်နေတာ။ သူတို့ အဖွဲ့အစည်း တွေကလည်း မှတ်ပုံတင်တွေ သိမ်းထားတော့ ဘယ်မှမသွားနိုင်ဘူးဖြစ်နေတာ လို့ပြောတယ်။ ဒါပေမဲ့ အခု လောက်ကိုင်မှာ NUG ရဲ့ PDF တွေက သိပ်မရှိတော့ဘူး။ အရင်တုန်းကရှိတယ်။ အခု သူတို့ကိုမတွေ့ရတာ (၁၀)ရက် ကျော်လောက်တောင်ရှိနေပြီ။ MNDAA က မောင်းထုတ်ထားတာနဲ့တူတယ်။ တစ်ယောက်ဆိုရင် ခြေတောက်ပြတ်နေလို့ အတုဆက် ထားတယ်။ အခုတော့ တစ်ယောက်မှကို မတွေ့ရဘူး။ NUG ဘက်ကလူတွေကို နှင်ထုတ်ထားတာဖြစ် လောက်တယ်။ NUG ကိုလက်မခံဘူးဆိုတဲ့သဘော” ဟု လောက်ကိုင်မြို့ခံက ပြောသည်။
ရှမ်းမြောက်ဒေသတိုက်ပွဲများတွင် ကိုးကန့်အဖွဲ့ MNDAA ဘက်မှ NUG လက်အောက်ခံ PDF အဖွဲ့ဝင်များ၊ ကယား လက်နက်ကိုင်အဖွဲ့ KNDF အဖွဲ့ဝင်များ ရှေ့ဆုံးမှပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူအများအပြားရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သောကာလများတွင် ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA သည် NUG နှင့် ပူးပေါင်းမည်မ ဟုတ်ကြောင်း တရားဝင်အသိပေးထုတ်ပြန်ခဲ့သကဲ့သို့ နစက အစိုးရနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်းကိုလည်း မကြာခဏ ဆိုသကဲ့သို့ ထုတ်ပြန်လေ့ရှိခဲ့သည် ကို တွေ့ရသည်။

ငွေကြေးဆုံးရှုံးခဲ့ရသော အသုံးပြုသူ (၃၁)ဦး၏ ငွေကြေးများကို စိုက်ထုတ်ပေးရန် ဆောင်ရွက်နေကြောင်း KBZPay ဆို

ငွေကြေးဆုံးရှုံးခဲ့ရသော အသုံးပြုသူ(၃၁)ဦး၏ ငွေကြေးများဆုံးရှုံးမှု မရှိစေရေးအတွက် စိုက်ထုတ်ပေးမှုများဆောင်ရွက်ပေးနေကြောင်း KBZPay က ယနေ့ (ဇန်...