Monday, 6 January 2025

ငွေကြေးဆုံးရှုံးခဲ့ရသော အသုံးပြုသူ (၃၁)ဦး၏ ငွေကြေးများကို စိုက်ထုတ်ပေးရန် ဆောင်ရွက်နေကြောင်း KBZPay ဆို

ငွေကြေးဆုံးရှုံးခဲ့ရသော အသုံးပြုသူ(၃၁)ဦး၏ ငွေကြေးများဆုံးရှုံးမှု မရှိစေရေးအတွက် စိုက်ထုတ်ပေးမှုများဆောင်ရွက်ပေးနေကြောင်း KBZPay က ယနေ့ (ဇန်နဝါရီလ ၃ ရက်) နံနက်ပိုင်းက ထုတ်ပြန်ထားသည်။


လတ်တလောဖြစ်ပွားနေသော KBZPay ၏ ကိစ္စများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဗဟိုဘဏ်၏ထုတ်ပြန်ချက်အတွင်း ဘဏ်နှင့်မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်ရသော မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူများ (Mobile Network Operator) မှတစ်ဆင့် ၎င်းတို့၏တစ်ဆင့်ခံဝန်ဆောင်မှုပေးသူများ၏စနစ်ကို နည်းပညာဖြင့် ဖောက်ထွင်းယူခြင်းများဆောင်ရွက်ပြီး သုံးစွဲသူများ၏ မိုဘိုင်းငွေကြေးများကို ဖောက်ထွင်းရယူ၍လိမ်လည်ခြင်းများ ဆောင်ရွက်လာကြသည်ကို တွေ့ရှိရသည်ဟု ဖော်ပြထားကြောင်း KBZPay ၏စာတွင် ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါလိမ်လည်မှုဖြစ်စဉ်များကို KBZPay က ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာ ဖုန်းဟန်းဆက်ပြောင်းလဲသည့်လုပ်ငန်းစဉ်ကိုသာ သက်ရောက်မှုရှိပြီး အဆိုပါဖြစ်စဉ် (၃၁)ခုကို တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယခုအချိန်တွင် System Maintenance ပြုလုပ်နေသောကြောင့် အချို့ Operator များ၏ ဖုန်းဟန်းဆက်ပြောင်းလဲမှုများကို ခေတ္တရပ်တန့်ထားပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် ဖုန်းဟန်းဆက်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို ပြန်လည် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း၌ ငွေကြေးဆုံးရှုံးခဲ့ရသော အသုံးပြုသူ (၃၁) ဦး၏ ငွေကြေးများ ဆုံးရှုံးမှုမရှိစေရေးအတွက် KBZPay မှ ကြိုတင်အစားထိုးစိုက်ထုတ်ပေးမှုများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်မှစတင်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။

Thursday, 2 January 2025

ကိုးကန့် MNDAA ဘက်မှ ပူးပေါင်းတိုက်ခိုက်ခဲ့သော PDF နှင့် အခြားလက်နက်ကိုင်များ လောက်ကိုင်မြို့၌ အိမ်ရာမဲ့များကဲ့သို့ ရှင်သန်နေရ

 ရှမ်းမြောက်ဒေသတွင် MNDAA ဘက်မှ ပူးပေါင်းတိုက်ခိုက်ခဲ့သော PDF နှင့်အခြားလက်နက်ကိုင်များသည် လောက်ကိုင် မြို့၌ အိမ်ခြေရာမဲ့များကဲ့သို့ ရှင်သန်နေရကြောင်း မြို့ခံများထံမှ သိရသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်း လက်နက်ကိုင်အဖွဲ့ TNLA ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့်အတူ PDF ၊ KNDA လက်နက်ကိုင်အဖွဲ့များသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖော်ဆောင်သည့် တိုက်ပွဲများ၌ ပူးပေါင်းပါဝင်မှုများ ရှိခဲ့သည်။
လက်ရှိတွင် KNDF အပါအဝင် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သော လက်နက်ကိုင်အဖွဲ့ဝင်များသည် ထိခိုက်ဒဏ်ရာများနှင့် အတူ လောက်ကိုင်မြို့၌ သောင်တင်နေလျက်ရှိပြီး အိမ်ခြေရာမဲ့များကဲ့သို့ နေထိုင်ရပ်တည်နေရလျက်ရှိကြောင်း မြို့ခံများက NP News ကို ပြောသည်။
“KNDF ကလို့တော့ ပြောတယ်။ သူများကို တိုက်ကူပြီးတော့ အခု ဒုက္ခတွေရောက်နေတာလေ။ ထမင်းစားဖို့တောင် ခက်ခဲနေတာ။ ဟိုနေရာမှာ ကပ်စားလိုက်၊ ဒီနေရာမှာ ကပ်စားလိုက်ဖြစ်နေတာ။ နေစရာလည်း မရှိဘူးဖြစ်နေကြတာ။ သူတို့ တိုက်ခိုက်ကူခဲ့တဲ့ MNDAA ကလည်း ဘာနေရာမှ မပေး တဲ့သဘောဖြစ်နေတာ။ အရင်တုန်းကတော့ ဟိုတယ် တွေမှာ လာတည်းတာရှိတယ်။ အခုတော့ မတည်းနိုင်ကြတော့ဘူးလေ။ သူတို့က တပ်ရင်းလိုက် လာပြီး တော့ကူတိုက် ပေးတာ။ ကျသွားတာလည်း တော်တော်များတယ်ပြောတယ်။ တပ်ရင်းလုံးကိုမှ (၉)ယောက် လောက်ပဲ ကျန်တော့တာ လို့ပြောတယ်။ ပြီးတော့ ဒဏ်ရာရလို့ လာကုတော့လည်း MNDAA က နေထိုင်ခွင့်ကတ်ရှိလား၊ ဘာညာနဲ့တောင် ဖမ်းသေး တယ်။ သူတို့မှာ နေစရာတောင် မရှိတော့ဘူး။ စားစရာလည်း မရှိဘူး။ အဲဒါကြောင့် ဟိုပြေးကပ်လိုက်၊ ဒီပြေးကပ်လိုက် ဖြစ်နေတာ။ MNDAA က သူတို့ ကြွက်တွင်းကို ပေးမခိုတဲ့အပြင် အဖီတောင် ဆွဲမချပေးဘူး။ အဲဒီလိုဖြစ်နေတာ” ဟု လောက်ကိုင်မြို့ခံက ပြောသည်။


ထို့ပြင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA သည် ၎င်းတို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ပေးခဲ့သော မဟာမိတ်လက်နက် ကိုင်အဖွဲ့ဝင်များကို လောက်ကိုင်မြို့၌ နေထိုင်ခွင့်ကဒ်မရှိပါက ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းများကိုလည်း ပြုလုပ်နေ လျက်ရှိကြောင်း မြို့ခံများက ဆိုသည်။ အလားတူ NUG ၏ PDF အဖွဲ့ဝင်များကိုလည်း MNDAA အဖွဲ့က လောက်ကိုင်မြို့တွင် တစ်ယောက်မကျန် နှင်ထုတ်နေလျက်ရှိကြောင်း မြို့ခံများက ဆက်လက်ပြောသည်။
“သူတို့လာတိုက်ပေးလို့ ဒဏ်ရာရလို့ ဆေးကုတာ။ ဆေးကုပြီးတော့ လောက်ကိုင်မှာလည်း နေထိုင်လို့မရဘူး။ နေထိုင် ခွင့် မရှိဘူးဆိုပြီး အချုပ်ထဲကို ဖမ်းပြီးတော့ထည့်တယ်။ အဲဒီလိုပြောတာပဲ။ အခု သူတို့က ထိုင်းဘက်ကို သွားချင်နေတာ။ သူတို့ အဖွဲ့အစည်း တွေကလည်း မှတ်ပုံတင်တွေ သိမ်းထားတော့ ဘယ်မှမသွားနိုင်ဘူးဖြစ်နေတာ လို့ပြောတယ်။ ဒါပေမဲ့ အခု လောက်ကိုင်မှာ NUG ရဲ့ PDF တွေက သိပ်မရှိတော့ဘူး။ အရင်တုန်းကရှိတယ်။ အခု သူတို့ကိုမတွေ့ရတာ (၁၀)ရက် ကျော်လောက်တောင်ရှိနေပြီ။ MNDAA က မောင်းထုတ်ထားတာနဲ့တူတယ်။ တစ်ယောက်ဆိုရင် ခြေတောက်ပြတ်နေလို့ အတုဆက် ထားတယ်။ အခုတော့ တစ်ယောက်မှကို မတွေ့ရဘူး။ NUG ဘက်ကလူတွေကို နှင်ထုတ်ထားတာဖြစ် လောက်တယ်။ NUG ကိုလက်မခံဘူးဆိုတဲ့သဘော” ဟု လောက်ကိုင်မြို့ခံက ပြောသည်။
ရှမ်းမြောက်ဒေသတိုက်ပွဲများတွင် ကိုးကန့်အဖွဲ့ MNDAA ဘက်မှ NUG လက်အောက်ခံ PDF အဖွဲ့ဝင်များ၊ ကယား လက်နက်ကိုင်အဖွဲ့ KNDF အဖွဲ့ဝင်များ ရှေ့ဆုံးမှပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူအများအပြားရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သောကာလများတွင် ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA သည် NUG နှင့် ပူးပေါင်းမည်မ ဟုတ်ကြောင်း တရားဝင်အသိပေးထုတ်ပြန်ခဲ့သကဲ့သို့ နစက အစိုးရနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်းကိုလည်း မကြာခဏ ဆိုသကဲ့သို့ ထုတ်ပြန်လေ့ရှိခဲ့သည် ကို တွေ့ရသည်။

Tuesday, 31 December 2024

ရုရှားဘဏ်ထံမှသိမ်းယူထားတဲ့ အမေရိကန်ဒေါ်လာ (၁၅)ဘီလျံအား ယူကရိန်းကို ကူညီပေးမယ်လို့ အမေရိကန်အစိုးရပြော

 အမေရိကန်အစိုးရက ယူကရိန်းစစ်ပွဲနဲ့ ဆက်နွှယ်ပြီး ရုရှားဗဟိုဘဏ်ကနေ သိမ်းယူထားတဲ့ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံကို ယူကရိန်းကို ကူညီထောက်ပံ့ပေးမယ်လို့ ပြောဆိုထားကြောင်း ယူကရိန်းဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


ယူကရိန်း နဲ့ ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့စီစဉ်ခဲ့ရာ အမေရိကန်ဒေါ်လာ (၃၀၀)ဘီလျံနီးပါးတန်ဖိုးရှိ ရုရှားပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရဖွယ်ရှိနေကြောင်း သိရပါတယ်။ ဂျီ ၇ အဖွဲ့ဝင်နိုင်ငံတွေကလည်း အမေရိကန်ဒေါ်လာ(၅၀)ဘီလျံခန့်တန်ဖိုးရှိ ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းယူသွားမှာဖြစ်ပြီး အဲဒီသိမ်းယူထားတဲ့ငွေကြေးတွေကိုယူကရိန်းအတွက် အတိုးနဲ့ပြန်ချေးပေးဖွယ်ရှိနေကြောင်း သိရပါတယ်။



ရုရှားကတော့ ၎င်းတို့နိုင်ငံပိုင်ဆိုင်မှုတွေကိုသိမ်းယူခြင်းနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ထားကာ သိမ်းယူတာမဟုတ်ဘဲ ခိုးယူတာဖြစ်ပြီး တရားဥပဒေကြောင်းအရလက်တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။ လက်ရှိအချိန်မှာ ရုရှားအစိုးရကလည်း ၎င်းတို့နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားတဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ငွေကြေးတွေကို ပြန်လည်သိမ်းဆည်းပြီး ရုရှားနိုင်ငံအတွက် ပြန်လည်အသုံးချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို ကူညီ ထောက်ပံ့ပေးခဲ့ပေမယ့် အခြားတစ်ဖက်မှာတော့ ရုရှားနိုင်ငံကိုပစ်မှတ်ထားပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ (၃)နှစ်နီးပါးရှိနေပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိဘဲ တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပါတယ်။အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကတော့ သမ္မတအဖြစ်တာဝန်ယူချိန်မှာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်ဖို့ ကြိုးပမ်းမယ်လို့ ကတိပြုထားပါတယ်။

Monday, 30 December 2024

AA အဖွဲ့၏ စစ်ရာဇဝတ်မှုမြောက်သည့် အကြမ်းဖက်လုပ်ရပ်များအား အသင်းအဖွဲ့(၂၀)နီးပါးက ကန့်ကွက်ရှုတ်ချကြောင်း စာအသီးသီးကို ထုတ်ပြန်ခဲ့ကြသည်ကို တွေ့မြင်ရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများတွင် ဒေသခံပြည်သူများ၏ အသက်အန္တရာယ်ကိုငဲ့ညှာ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုအား ထိန်းသိမ်းဆောင်ရွက်ခဲ့ရသဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည့် တပ်မတော်သားများအား AA က ကျင်းတူးခိုင်းပြီး မြေကျင်းထဲသို့ထည့်၍ လည်လှီးကာသတ်ဖြတ်ခဲ့ကြောင်း သိရသည်ဟု ထုတ်ပြန်စာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ အဆိုပါလည်လှီးသတ်ဖြတ်နေသည့် Video File များကိုလည်း ရိုက်ကူးကာ Online ပေါ်တွင် ဖြန့်ဝေခြင်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။



ထို့ပြင် ကျောက်တော်နယ်မြေ၌လည်း တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများလိုက်ပါလာသော သင်္ဘောကို ပစ်ခတ်ဖောက်ခွဲ၍ ရေနစ်နေသည့် အမျိုးသမီးများနှင့် ကလေးငယ်များကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်စာများအရ သိရသည်။

ထိုသို့ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု(War Crime) မြောက်သည့် လူမဆန်စွာရက်စက် ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ လုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်နှင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးတို့က ကန့်ကွက်ရှုတ်ချထားကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)၊မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်နှင့် ပိန္နဲကုန်းရခိုင်ဂျာမေဗလီတို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားကြောင်း သိရသည်။

ထို့အတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်ကလည်း စစ်သုံ့ပန်းများကို လည်လှီးသတ်ဖြတ်ခဲ့ကြသည့် AA ၏ လုပ်ရပ်နှင့်ပတ်သက်၍ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ (ရန်ကုန်)ကလည်း ကန့်ကွက်ရှုတ်ချထားကြောင်း သိရသည်။


Sunday, 29 December 2024

ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းကြီးကို တော်လှန် ရေးတပ်များက စတင်တိုက်ခိုက်နေပြီး BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်

ဒီဇင်ဘာ ၃၀

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ ကို KNLA နှင့်မဟာမိတ် ပူးပေါင်းတပ်များက စတင်တိုက်ခိုက်နေပြီး တပ်ရင်းမှူး စောလှကြိုင် ဦးစီးသော BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်ပြီး ဖာပွန်မြို့နယ်၊စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းကို စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း တပ်ရင်းမှူး စောလှကြိုင် ဦးစီးသော BGF တပ်ရင်း ၁၀၁၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်များကပါ တော်လှန်ရေးတပ်များနှင့်အတူ ပူးပေါင်းပြီး စစ်ကောင်စီ၏ တပ်စခန်းကို တိုက်ခိုက်လာကြောင်း သိရှိရသည်။
"BGF တပ်ရင်း ၁၀၁၃ ရင်းမှူး စောလှကြိုင်နဲ့ သူ့တပ်ဖွဲ့ဝင်တွေအပါ မိမိတို့ တော်လှန်ရေးတပ်တွေနဲ့အတူ ဒီမနက်မှာ အတူပူးပေါင်းပါဝင်လာပါတယ်။ လိုအပ်တာတွေ အကုန် ဆက်လက်ပူးပေါင်းလုပ်ဆောင်နေပါတယ်။ " ဟု ရှေ့တန်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါဒေသတွင် BGF တပ်ရင်း ၂ ခုရှိပြီး လက်ရှိတွင် BGF တပ်ရင်း ၁၀၁၃ တပ်ရင်းက တော်လှန်ရေးတပ်များနှင့်အတူ လက်တွဲလာခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းသည် စစ်ရေးအရ မဟာဗျူဟာကျသော စခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီကလည်း ခုခံမှုများ လုပ်ဆောင်နေကြောင်း၊ ဖာပွန်မြို့နယ်အတွင်းတွင် KNLA တပ်မဟာ ၅ ဦးဆောင်သော တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်စခန်းများအားလုံးကို အပြီးတိုင် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော ဖာပွန်မြို့။

ငွေကြေးဆုံးရှုံးခဲ့ရသော အသုံးပြုသူ (၃၁)ဦး၏ ငွေကြေးများကို စိုက်ထုတ်ပေးရန် ဆောင်ရွက်နေကြောင်း KBZPay ဆို

ငွေကြေးဆုံးရှုံးခဲ့ရသော အသုံးပြုသူ(၃၁)ဦး၏ ငွေကြေးများဆုံးရှုံးမှု မရှိစေရေးအတွက် စိုက်ထုတ်ပေးမှုများဆောင်ရွက်ပေးနေကြောင်း KBZPay က ယနေ့ (ဇန်...