ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများတွင် ဒေသခံပြည်သူများ၏ အသက်အန္တရာယ်ကိုငဲ့ညှာ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုအား ထိန်းသိမ်းဆောင်ရွက်ခဲ့ရသဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည့် တပ်မတော်သားများအား AA က ကျင်းတူးခိုင်းပြီး မြေကျင်းထဲသို့ထည့်၍ လည်လှီးကာသတ်ဖြတ်ခဲ့ကြောင်း သိရသည်ဟု ထုတ်ပြန်စာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ အဆိုပါလည်လှီးသတ်ဖြတ်နေသည့် Video File များကိုလည်း ရိုက်ကူးကာ Online ပေါ်တွင် ဖြန့်ဝေခြင်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကျောက်တော်နယ်မြေ၌လည်း တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများလိုက်ပါလာသော သင်္ဘောကို ပစ်ခတ်ဖောက်ခွဲ၍ ရေနစ်နေသည့် အမျိုးသမီးများနှင့် ကလေးငယ်များကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်စာများအရ သိရသည်။
ထိုသို့ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု(War Crime) မြောက်သည့် လူမဆန်စွာရက်စက် ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ လုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်နှင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးတို့က ကန့်ကွက်ရှုတ်ချထားကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)၊မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်နှင့် ပိန္နဲကုန်းရခိုင်ဂျာမေဗလီတို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားကြောင်း သိရသည်။
ထို့အတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်ကလည်း စစ်သုံ့ပန်းများကို လည်လှီးသတ်ဖြတ်ခဲ့ကြသည့် AA ၏ လုပ်ရပ်နှင့်ပတ်သက်၍ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ (ရန်ကုန်)ကလည်း ကန့်ကွက်ရှုတ်ချထားကြောင်း သိရသည်။
No comments:
Post a Comment